ဘေးအန္တရာယ်ဆိုသည်မှာ လူမှုအဖွဲ့အစည်း (သို့မဟုတ်) ဒေသတစ်ခုတွင် ပြင်ပ အကူအညီလိုအပ်သော ပျက်စီးဆုံးရှုံးမှု၊ စီးပွားရေးထိခိုက်မှု၊ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့် ကျန်းမာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ယိုယွင်းလာမှုတို့ဖြစ်စေသောဖြစ်ရပ်ကို ဘေးအန္တရာယ်ဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဘေးအန္တရာယ် အမျိုးအစားများ ဘေးအန္တရာယ်များကို သဘာဝဘေးအန္တရာယ်၊ လူသားကြောင့်ဖြစ်သော ဘေးအန္တရာယ်၊ နာရီပိုင်းသာကြာသော ဘေးအန္တရာယ်၊ လပိုင်းသာကြာသော ဘေးအန္တရာယ်၊ ရေရှည်ကြာသော ဘေးအန္တရာယ်ဟူ၍ ခွဲခြားထားပါသည်။ သဘာဝဘေးအန္တရာယ်များမှာ ဆိုင်ကလုန်း မုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း၊ ရေကြီးရေလျှံခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ အစာရေစာခေါင်းပါးခြင်း စသည်တို့ဖြစ်ပါသည်။ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှာ မီးလောင်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ စစ်ပွဲများ၊ အဏုမြူ ဗုံးကြဲခြင်း စသည်တို့ဖြစ်ပါသည်။ မြေငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်း၊ ဆိုင်ကလုန်းနှင့် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခြင်းတို့သည် စက္ကန့်အနည်းငယ်မှ နာရီပိုင်းအထိသာ ကြာမြင့်ပါသည်။ မိုးခေါင်ခြောက်သွေ့ခြင်း...